Tuesday, February 23, 2010

ဘယ်သူမပြု

ဒီနေ့အလုပ်မှာလူတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။
သူဟာအသက်၆၀ကျော်၇၀လောက်ရှိပြီးလည်ချောင်းကင်ဆာရောဂါကိုခံစားနေရသူဖြစ်ပါတယ်။
ကျွန်မဌာနကသူတို့လူမျိုးဝန်ထမ်းတစ်ဦးကတိုးတိုးလေးလာပြောပါတယ်။
ဒီအဖိုးကြီးဟာအရင်ကသူတို့နိုင်ငံရဲ့ဝန်ကြီးတစ်ဦးဖြစ်ခဲ့ဘူးပါတယ်တဲ့။
အင်္ကျီနွမ်းဖတ်ဖတ်၊ဘောင်းဘီစုတ်နဲ့ညစ်ပတ်ပေရေနေတဲ့ဝန်ကြီးဟောင်းအဖိုးအိုကို
တအံ့တသြကြည့်မိပါတယ်။အင်အားချိနဲ့ပြီးဒယိမ်းဒယိုင်အဖိုးအိုကိုတွဲခေါ်စောင့်ရှောက်မဲ့
အဖေါ်လည်းတစ်ယောက်မှမပါပါ။ပြုစုစောင့်ရှောက်သူမရှိဘဲမြို့ပြင်နားကအိမ်ကလေးမှာ
တစ်ဦိးထဲနေကြောင်းသိရတော့ကျွန်မရဲ့ဝန်ထမ်းကိုဒီအဖိုးကြီးအကြောင်းစပ်စုမိပါတယ်။
သူဟာငယ်ငယ်ကဆင်းရဲပေမဲ့ပညာတော်ပါတယ်။သူ့မိန်းမကကြုံရာကျပန်း
အလုပ်လုပ်ပြီးသူ့ကိုတက္ကသိုလ်တက်နိုင်အောင်ထောက်ပန့်ခဲ့ပါတယ်။
ဘွဲ့ရပြီးနိုင်ငံရေးလောကထဲဝင်ပြီးဝန်ကြီးဖြစ်လာတဲ့အချိန်မှာတော့သူတို့မှာသားသမီး
၃ယောက်ထွန်းကားနေပါပြီ။
ဝန်ကြီးဘ၀မှာရာထူးဂုဏ်ငွေပြည့်စုံပြီးလက်ညှိုးညွှန်ရာရေဖြစ်ခဲ့ပါတယ်။
တပည့်တပန်းအချွေအရံသာမကမိန်းမလှလေးတွေလည်းအနားမှာဝိုင်းဝိုင်းလည်နေပါတယ်။
ဧည့်ခံပွဲတွေပါတီတွေတက်ရင်းအရက်ကိုလည်းစွဲစွဲမြဲမြဲသောက်တတ်နေပါပြီ။
သူ့ကိုပညာတတ်ဖြစ်အောင်ပင်ပန်းကြီးစွာရုန်းကန်ခဲ့ရလို့အိုဇနာနိုင်ပြီးပညာမတတ်တဲ့
မိန်းမကိုအထင်သေးပြီးအပြစ်မြင်လာပါတယ်။
မိန်းမနဲ့ကလေး၃ယောက်ကိုအရက်မူးပြီးနေ့စဉ်နဲ့အမျှအပြစ်ရှာရိုက်နှက်နှိပ်စက်ပါတယ်။
ဘယ်လိုပင်သည်းငြီးခံပေမဲ့တစ်နေ့မှာတော့မိန်းမနဲ့ကလေးတွေကိုသူရဲ့ခမ်းနား
ကြီးကျယ်တဲ့အိမ်ဂေဟာကအပြီးနှင်ချလိုက်ပါတယ်။
အရက်ကလေးတမြမြ၊မိန်းခလေးတွေထည်လဲတွဲပြီးငွေကိုရေလိုသုံးနေပေမဲ့မိန်းမနဲ့
ကလေးတွေကိုတော့တပြားတချပ်မှမထောက်ပန့်ပါ။ဆက်သွယ်တွေ့ဆုံတာလဲမရှိပါ။
ဆင်းရဲပေမဲ့မာနကြီးတဲ့သူ့မိန်းမကလဲသူ့အကူအညီမယူဘဲကလေးတွေကို
လူလားမြောက်အောင်ကြိုးစားရရှာပါတယ်။
ကလေးတွေအရွယ်မရောက်တရောက်မှာဘဲပင်ပန်းတဲ့ဒဏ်တွေကြောင့်ဆုံးပါး
သွားပါတယ်။
ကလေးတွေကိုဆွေမျိုးတွေကတတ်နိုင်သလောက်ဆက်ပြီးတာဝန်ယူခဲ့ကြပေမဲ့ဖခင်ရင်းကတော့ယောင်လို့တောင်လှည့်မကြည့်ခဲ့ပါ။
စားဝတ်နေရေးနဲ့အငယ်တွေပညာရေးအတွက်ပညာမစုံခင်ငယ်ငယ်ရွယ်ရွယ်အလုပ်လုပ်ရတဲ့အကြီးဆုံးသားကလည်းကျောက်မီးသွေးမိုင်းမှာအလုပ်လုပ်ရင်း
တွင်းပြိုလို့အထဲမှာပိတ်မိပြီးဆုံးပါးသွားလို့အငယ်၂ယောက်ရဲ့ပညာရေးဟာအထက်တန်းနဲ့တင်အဆုံးသတ်ပြီးရရာအလုပ်ဝင်လုပ်ကြရ
ပါတယ်။
ဝန်ကြီးသက်တမ်းပြီးတဲ့အခါဝန်ကြီးပြုတ်ဘ၀နဲ့အရက်လည်းစွဲနေပါပြီ။အနားမှာဝိုင်းဝိုင်းလည်နေတဲ့တပည့်အချွေအရံတွေ၊ချစ်လှပါတယ်ဆိုတဲ့မိန်းမလှလေးတွေတစ်ယောက်မှမရှိတော့ပါ။
ရှိတဲ့ပိုက်ဆံတွေထုတ်သုံးရင်းခမ်းနားတဲ့အိမ်ကတဲသာသာအိမ်လေးကိုလည်းပြောင်းခဲ့ရပါပြီ။
အခုတခါကင်ဆာဆိုတဲ့ရောဂါဝေဒနာကိုခံစားရင်းပြုစုစောင့်ရှောက်မဲ့သူမရှိ
အထည်းကျန်စွာနဲ့ဘ၀နေ၀င်ချိန်ကိုစောင့်နေရပါပြီ။
သူ့ကိုကြည့်ရတာဝမ်းနည်းအားငယ်ပြီးစိတ်ဓါတ်ကျနေပုံရပါတယ်။
နောက်ဆက်တွဲသိရတာကတော့သူ့သမီးကကျွန်မဌာနနဲ့ကပ်ရက်ဌာနမှာအလုပ်လုပ်
နေသူဖြစ်ပါတယ်။
သူ့အဖေလာတာသိပေမဲ့လာရောက်နှုတ်ဆက်တွေ့ဆုံခြင်းမရှိပါ။
ဘယ်သူမပြုမိမိမှုမို့စိတ်မကောင်းဖြစ်ရုံကလွဲလို့ဘာမှမတတ်နိုင်ပါ။
တကယ်တော့ကိုယ်စိုက်တဲ့အပင်ကိုကိုယ်ရိပ်သိမ်းကြရတာမဟုတ်ပါလား။

8 comments:

  1. ဒီပို့စ်လေးကို ဖတ်ရင်းသက်ပြင်းတောင်ချမိတယ်ဗျာ...။ အဆုံးရောက်သွားတော့လေ...။
    လောကမှာ မတည်မြဲတဲ့အရာတွေကို တည်မြဲမယ်ထင်ပြီး ကောင်းစားစဉ်မှာ မိုးမမြင်လေမမြင် ဖြစ်တတ်တဲ့သူတွေအတွက် ရရှိတဲ့ ရလာဒ်တစ်ခုလို့ ဆိုရမှာပေါ့နော့ဗျ...။ ဘယ်သူမပြုမိမိမှုပဲလေ....။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  2. မှန်တယ်အစ်မရေ..... ကိုဏီးပြောတာလဲမှန်တယ်ဗျာ

    ReplyDelete
  3. မိဘမကောင်းခဲ့သော်လည်း
    မိဘဟာမိဘပါပဲ
    ဖခင်ကို လှည့်မကြည့်တဲ့သမီးအတွက်ဝမ်းနည်းစရာပါပဲ

    ReplyDelete
  4. ဘယ်သူမပြုမိမိမှုကတော့မှန်ပါတယ်အစ်မရယ်
    ဒါပေမယ့် မိဘဟာမိဘပါပဲ

    ReplyDelete
  5. မမရေ...ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး...သူ့အကြောင်းနဲ့သူပါပဲဆိုပေမယ့် မနန်းပြောသလိုပါပဲ...ညီမလေးတို့ ဗုဒ္ဓဘာသာ အယူအဆအရ မိဘဆိုတာ ဘာပဲဖြစ်နေဖြစ်နေ မိဘပါပဲ လို့ ညီမလေးတော့ ထင်မိပါတယ်မမရယ်...အင်း ဘယ်တတ်နိုင်မလဲလေနော့

    ခင်မင်လေးစားစွာဖြင့်
    ညီမလေး
    အင်ကြင်း

    ReplyDelete
  6. ဘ၀မှာ ဘာကိုပဲလုပ်လုပ်..ကျွင်းတစ်ကျွင်းတူးပြီး ပိုင်ဆိုင်တာတွေကို
    မြုပ်နေတာနဲ့တူတယ်တဲ့....
    တစ်ချိန်တန် လိုအပ်လို့ ပြန်ဖော်ရတဲ့အခါ..မကောင်းမှုတွေထည့်ထားတာများရင် ..အဲ့ဒါတွေပဲ
    ပြန်တွေ့ရမယ်
    ကောင်းမှုတွေ များရင်လည်း...ပြန်ဖော်တဲ့အခါ ပြန်တွေ့ရမယ်
    ဘာကိုမြှုပ်မလဲဆိုတာတော့ ကိုယ့်အလုပ်ပဲ ....ဆိုတာလေးကြား
    ဖူးတာ ပြန်သတိရသွားတယ်
    ပျော်ပါစေ
    *.*.*

    ReplyDelete
  7. ဟုတ်ပါတယ်နော်အစ်မ ...ကိုယ်စိုက်တဲ့ အပင် ကိုယ်ရိတ်သိမ်းကြရတာပဲနော်...။
    ဒီလိုလူမျိုးတွေ အများအားဖြင့် ဒီလိုပဲဇာတ်သိမ်းတတ်ကြရပါတယ်...

    ReplyDelete
  8. အသစ်လာရှာတယ်မမ
    မဖတ်ရသေးတာတွေထပ်ဖတ်သွားပါတယ်။
    မမ ဘလောက်နဲ့တူတဲ့အမည်ဆိုတာသိရပါပြီ။
    မမက ''၏ '' တလုံးပိုတယ်။
    အဲဒီကအစ်မ ကို နစ်နစ်နာနာ ရေးထားတာတွေ့ရလို့
    မိန်းခလေးချင်းကိုယ်ချင်းစာပြီး ဘာလို့ အဲဒီလို အဖွဲ့ထဲမှာ
    အဲလိုအရေးခံနေတာလဲလို့ မခံချင်ဖြစ်နေလို့ပါ။
    သူငယ်ချင်းတယောက်က ပြောသေးတယ် အဲဒီ ဘလောက်ပိုင်ရှင်က
    အသက် ၃၇ တဲ့အသဲကွဲနေတာတဲ့
    ဘာပဲဖြစ်ဖြစ်ယဉ်ကျေးတဲ့မြန်မာလူငယ်ဆိုရင်
    မိန်းခလေးတယောက်ကိုစော်ကားပြီးမရေးသင့်ဘူးပေါ့နော်။
    ဆောရီးနော်မမ

    ReplyDelete