Friday, November 20, 2009

သတိရမိပါသည်ဒေါ်နှင်းဆီ

ကျွန်မရဲ့ဘေးကပ်ရက်ခန်းမှာယူဂန်ဒါနိုင်ငံကဒီမှာလာပြီးအလုပ်လုပ်နေတဲ့ယူဂန်ဒါနိုင်ငံသား
လူမဲမိသားစုနေပါတယ်။သူတို့မိသားစုဒီကိုရောက်တာ၁၀နှစ်ကျော်ပါပြီ။
အဖေကအသက်၅၀ကျော်လောက်ရှိပြီးအမေလုပ်သူက၄၅လောက်ရှိပါပြီ။
အဖေကကွန်ပြူတာကုမ္မဏီတစ်ခုမှာအလုပ်လုပ်ပါတယ်။အမေကတော့အလုပ်မလုပ်ပါ။
အမေရဲ့နာမည်ကRoseမို့ကျွန်မကသူ့ကိုဒေါ်နှင်းဆီလို့မြန်မာနံမည်ပေးထားပါတယ်။
အာဖရိကအလယ်ပိုင်းသူမို့ဒီကအမဲတွေထက်အသားပိုမဲပေမဲ့မျက်လုံးဝိုင်းဝိုင်းမျက်တောင်
ကော့ကော့နဲ့မျက်နှာပေါက်လှပါတယ်။ကိုယ်လုံးကတော့အမဲမတွေထုံးစံအတိုင်းခပ်ဖိုင့်ဖိုင့်
ပါ။သူတို့ရဲ့တစ်ဦးသောသားလေးကအသက်၁၉၊၂၀လောက်ရှိပါပြီ။သူ့နာမည်ရောဘတ်ပေမဲ့
ဂတုံးပြောင်အောင်တုံးပြီးခေါင်းကခပ်ချွန်ချွန်မို့ဘဲဥလို့ကျွန်မကနာမည်ပေးထားပါတယ်။
ဘဲဥဟာသွေးရောဂါတမျိုးရှိလို့၎၊၅လတစ်ခါသွေးသွင်းနေရသူပါ။မကျန်းမာလို့အလယ်တန်း
အောင်ပြီးကျောင်းဆက်မတက်တော့ပါ။ရောဂါသယ်ပေမဲ့အိပ်ရာထဲလဲနေလောက်အောင်
မပြင်းထန်တာမို့သွားသွားလာလာပါဘဲ။ဒေါ်နှင်းဆီဟာသူ့သားလေးကိုအလွန်ချစ်ပါတယ်။
သူတို့မိသားစုဟာစိတ်ထားနူးညံ့ပြီးသဘောကောင်းပါတယ်။ပျော်လဲပျော်တတ်ပါတယ်။
ကူညီစရာရှိရင်မတွက်မကပ်ကူညီတတ်လို့တတိုက်လုံးကအမဲတွေသာမကကုလားတွေ
ရောတရုတ်တွေပါသူတို့ကိုခင်ကြပါတယ်။
ဒေါ်နှင်းဆီနဲ့ကျွန်မတော်တော်ရင်းနှီးပါတယ်။ကျွန်မခရီးသွားရင်ကျွန်မအခန်းကို
သူတို့ကြည့်ပေးပြီးသူတို့ယူဂန်ဒါပြန်ရင်လဲသူတို့အခန်းသော့ကျွန်မကိုအပ်ခဲ့ပါတယ်။
ဒီမှာမပျော်တာ၊အိမ်လွမ်းတာ၊အမြဲအိမ်ပြန်ချင်နေတာတွေတူနေတော့တယောက်နဲ့
တယောက်နားလည်ခံစားအားပေးဖြစ်ကြတယ်လေ။
သူချက်တဲ့ဟင်းတွေ။သူလုပ်တဲ့မုန့်တွေခဏခဏလာပေးတတ်သလိုကျွန်မကလဲ
မြန်မာအစားအစာသူ့ကိုပြန်ပေးတတ်ပါတယ်။သူကအုန်းနို့ခေါက်ဆွဲကြိုက်လို့အိမ်
မှာခေါက်ဆွဲချက်တိုင်းသူ့ကိုသတိတရပို့ဖြစ်ပါတယ်။
စနေတနင်္ဂနွေတွေကျွန်မအလုပ်နားရက်တွေမှာအိမ်လာလည်ပြီးစကားစမြည်
ပြောလေ့ရှိပါတယ်။
သူကသတင်းစုံသူမို့အပေါ်ထပ်ကမူစလင်မလေးကိုမျက်နှာချင်းဆိုင်အခန်းကဟိန္နူကုလား
လေးခိုးပြေးတဲ့အကြောင်း၊အောက်ထပ်ကတရုတ်အိမ်ရဲဝင်စစ်တာတရားမ၀င်နေတဲ့
တရုတ်နှစ်ယောက်မိသွားလို့ပြသနာတက်နေတဲ့အကြောင်း၊မြို့လည်ကစတိုးဆိုင်သူခိုး
ဖေါက်သွားတဲ့အကြောင်းစုံအောင်ပြောပြတတ်ပါတယ်။စကားပြောကောင်းပြီး
ဟာသပြောတတ်သူမို့သူပြောတာတွေဟာနားထောင်ကောင်းပြီးရယ်ရလို့အပြင်းပြေ
ရပါတယ်။
သူတို့မိသားစုဘေးအခန်းမှာရှိတာကျွန်မအဖို့ကိုယ့်ဆွေမျိုးသားချင်းအနားမှာရှိနေ
သလိုပါဘဲ။
ပြီးခဲ့တဲ့နှစ်ကဘဲဥလေးအကောင်းကြီးကနေရောဂါဖေါက်ပြီးကောက်ခါငင်ခါဆုံးပါး
သွားပါတယ်။၂ရက်အတွင်းဖြစ်သွားတာမို့ဒေါ်နှင်းဆီခင်မျာဖြေမဆည်နိုင်အောင်ဖြစ်
ရပါတယ်။ဘဲဥအလောင်းကိုယူဂန်ဒါပြန်သယ်ပြီးအဲဒီမှာဘဲသဂြိုလ်ပါတယ်။
၂လလောက်နေတော့ဒေါ်နှင်းဆီတို့ပြန်လာပါတယ်။
အရင်ကလိုသွက်လက်ပြီးစကားတွေအများကြီးပြောတဲ့ဒေါ်နှင်းဆီမဟုတ်တော့ပါဘူး။
ဒီမှာနေရင်သူ့သားလေးအရိပ်ဟာနေရာတိုင်းမှာရှိနေတာမို့သူ့သားကိုပိုသတိရတယ်ဆိုပြီး
တငိုငိုတရီရီနဲ့မို့သူ့ကိုကြည့်ပြီးစိတ်ဆင်းရဲရပါတယ်။
၁လလောက်ကြာတော့သူတို့ဒီမှာမနေချင်တော့လို့သူတို့နိုင်ငံကိုအပြီးပြန်တော့မဲ့
အကြောင်းပြောပါတယ်။၅နှစ်နီးပါးတရင်းတနှီးနေခဲ့ကြတာမို့ကိုယ့်ဆွေမျိုးသားချင်းနဲ့
ခွဲခွာရသလိုစိတ်မကောင်းဖြစ်ရပါတယ်။
ဒေါ်နှင်းဆီတယောက်သူ့သားလေးကိုအောင့်မေ့လွမ်းဆွတ်ခြင်းတွေရင်မှာပိုက်လို့မျက်ရည်
စက်လက်နဲ့ပြည်တော်ပြန်သွားပါပြီ။
သူတို့ပြောင်းသွားပြီးနောက်နေ့မှာဘဲသူတို့အခန်းကိုဒီနိုင်ငံသားမိသားစုပြောင်းလာပါတယ်။
အဖေနဲ့အမေကအသက်၂၅၊၃၀လောက်ပဲရှိပါသေးတယ်။၃၊၄နှစ်လောက်သမီးလေးလဲရှိပါတယ်။
သမီးလေးကချစ်စရာကောင်းပြီးကျွန်မကိုလဲချောင်းချောင်းကြည့်ပါတယ်။
ခလေးကိုချစ်ပေမဲ့သူ့အမေအမဲမမျက်နှာထားတင်းတာကြောင့်အရောတ၀င်
နှုတ်မဆက်ဖြစ်ပါ။မျက်နှာချင်းဆိုင်တွေ့တိုင်းမျက်နှာထားတည်တည်နဲ့နေလို့မိတ်ဆက်ဖို့၊
နှုတ်ဆက်ဖို့မကြိုးစားတော့ဘဲဖာသိဖာသာဘဲနေလိုက်ပါတော့တယ်။
အခုဆိုသူတို့ပြောင်းလာတာ၆လနီးပါးရှိပါပြီ။
တစ်ခါမှရီပြခြင်း၊နှုတ်ဆက်ခြင်း၊စကားပြောခြင်းမရှိပါဘူး။
သူတို့ကိုမြင်တိုင်းအင်မတန်ဖေါ်ရွေပြီးခင်မင်ကူညီတတ်တဲ့ဒေါ်နှင်းဆီတို့မိသားစုကို
သတိရနေမိပါတော့တယ်။
အိမ်နီးချင်းကောင်းနဲ့ရေစက်ဆုံရတာလဲကံကောင်းခြင်းတစ်မျိုးမဟုတ်ပါလား။

9 comments:

  1. ဘဲဥလေးဆုံးသွားတာ စိတ်မကောင်းပါဘူး သူ့အမေ ဒေါ်နှင်းဆီလည်း သနားဖို့ကောင်းပါတယ် အိမ်နီးချင်းကောင်းတွေနဲ့ ခင်မင်ရင်းနှီးခွင့်ရခဲ့တာတွေအတွက် ကြည်နူးမိပါတယ်

    ReplyDelete
  2. မိဘဆိုတော့လည်း သားသမီးတယောက် ဆုံးပါးသွားတာ ဖြေမဆည်နိုင်ပေါ့နော်။ သတ္တ၀ါတခု ကံတခုပေါ့။
    လူ့ပတ်ဝန်းကျင် အသိုင်းအ၀န်းမှာ စိတ်ထားအမျိုးမျိုး တွေ့ရတာ သဘာဝပေါ့။ ဒါပေမယ့် ရပ်ဝေးကသူတွေ အဖို့ခင်ရာဆွေမျိုး အိမ်နားနီးချင်းကောင်းဆိုတာ လိုအပ်ပါတယ်။
    မိတ်ဆွေကောင်းတွေနှင့် အမြန်ဆုံး ပြန်လည်ဆုံတွေ့ နိုင်ပါစေ...။

    ခင်မင်လေးစားလျှက်

    ReplyDelete
  3. ဟုတ်တယ် အစ်မရေ အိမ်ဝေးသူတွေအတွက် အိမ်နီးချင်းကောင်းကလည်း
    ကံကောင်းခြင်း တစ်မျိုးပါပဲ...

    ReplyDelete
  4. မိတ်ဆွေတယောက်ဆုံးရှုံးသွားရတာ ကိုယ်ချင်းစာပါတယ်ဗျာ
    ဘဲဥလေးကောင်းရာဘုံဘဝရောက်ပါစေ...

    ReplyDelete
  5. ဘာပြောရမှန်း မသိဘူး။ အပေါ်က လူတွေ ပြောသွားပြီဆိုတော့

    ReplyDelete
  6. ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်းဆိုတဲ့ စကားပုံလိုပဲပေါ့ ဗျာ...

    ReplyDelete
  7. စာလေးကိုဖတ်ပြီး... ငယ်ငယ်က..သူငယ်ချင်းလေးတစ်ယောက်ကိုတောင်ပြန်သတိရသွားမိတယ်ဗျာ...။
    သူလည်း..အဲ့ဒီလိုရောဂါနဲ့ပဲ...။ အထက်တန်းရောက်တော့ ဆုံးသွားရှာတယ်ဗျာ...။
    ဟုတ်တယ်နော်ဗျ...။ အိမ်နီးချင်းကောင်းနဲ့တွေ့ဆုံရတာ...ကံကောင်းခြင်းတစ်မျိုးပါပဲဗျာ....။

    ခင်မင်လျှက်...

    ဏီလင်းညို

    ReplyDelete
  8. အော်...လူဆိုတာ ခွေးလေးကြောင်လေးတောင် သံယောဇာဉ်ဖြစ်တတ်တာပဲနော ..အစ်မရယ်..။
    ဒီလို အမိမြေနဲ့ဝေးနေချိန်မှာ အိမ်နီးချင်းကောင်းနဲ့ ဒီလိုအကြာကြီးနေလာပြီးမှ ခွဲရတာဆိုတော့...စိတ်မကောင်းစရာပါပဲ..:(

    ReplyDelete
  9. အမဲတွေမှာလဲ အဖြူရောင်စိတ်ထားလေးတွေ ရှိတတ်တာပဲလေ။ ဒေါ်နှင်းဆီတို့ မိသားစုအကြောင်းက ရေးတတ်တဲ့သူကြောင့်မို့လားတော့မသိ မမြင်ရပေမယ်လည်း ရင်ထဲမကောင်းဘူးဖြစ်သွားတယ်။

    ReplyDelete