Wednesday, December 29, 2010

မွေးမေ..သူမသနားတာကြောင့်

ပြီးခဲ့တဲ့အပတ်ကအလုပ်အတူလုပ်တဲ့သူငယ်ချင်းမီးဖွားလို့ဆေးရုံမှာသတင်းသွားမေးပါတယ်။
မိခင်ရောခလေးပါကျန်းမာပေမဲ့လမစေ့ဘဲမွေးလို့ခလေးကိုမွေးကင်းစခလေးဆောင်မှာ
ခေတ္တထားပါတယ်။
ခလေးကြည့်သွားပါအုန်းဆိုလို့မွေးကင်းစခလေးဆောင်ကိုသူငယ်ချင်းနဲ့အတူသွားကြည့်ပါတယ်။
အနွေးပေးထားတဲ့အခန်းမှာပုခက်သေးသေးလေးတွေထဲမှာအိပ်ပျော်တဲ့ခလေးက
အိပ်ပျော်၊ငိုတဲ့ခလေးကငို၊လူ့လောကထဲရောက်ခါစသူတို့လေးတွေကြည့်ရတာငြိမ်းချမ်း
ပြီးအပြစ်ကင်းလိုက်တာ...
ခပ်လှမ်းလှမ်းကမှန်ခန်းထောင့်တစ်နေရာမှာတော့ဆေးသွင်းပိုက်တွေတန်းလန်းနဲ့
ခလေးလေး၊ပုခက်တွင်းအနှီးထုတ်ထဲကိုသေသေချာချာကြည့်မိတော့.....
အလို..ဘုရားဘုရား..ဘယ်လိုများဖြစ်ရတာပါလိမ့်..လို့အလန့်တကြားရေရွတ်မိပါတယ်။
ခလေးဟာနှာခေါင်းနဲ့ပါးစပ်၊နှုတ်ခမ်းဘာမှမရှိ၊ဟောက်ပက်ကြီးပါ။အခေါင်းပေါက်က
လှမ်းမြင်နေရတဲ့လျှာကလည်းတပိုင်းပြတ်နေပါတယ်။
သူငယ်ချင်းရဲ့အမသူနာပြုဆရာမကိုမေးကြည့်တော့ခလေးကိုမွေးပြီးတောထဲမှာ
ပြစ်ထားခဲ့တာ။အကောင်ကိုက်သွားတာ၊ဘာကောင်လည်းမသိပါ။တောခွေးတွေဖြစ်မယ်ထင်တယ်ပြောပါတယ်။
အနှီးထုတ်ထဲမှာသွေးအလူးလူးနဲ့မသေမရှင်ဖြစ်နေတဲ့ခလေးကိုရွာကလူတွေတောထဲမှာတွေ့လို့နယ်ဆေးရုံကိုခေါ်လာပြီးအဲဒီကမှမြို့ဆေးရုံကိုပို့လိုက်တာလို့ပြောပြပါတယ်။
ခလေးလေးသေမလားရှင်မလားမသိပေမဲ့ဆရာဝန်ဆရာမတွေကတော့အသက်
တစ်ချောင်းကယ်နိုင်အောင်အစွမ်းကုန်ကြိုးစားနေကြတယ်လို့ဆိုပါတယ်။
သူငယ်ချင်းကတော့ရုပ်ပျက်ဆင်းပျက်နဲ့ဆက်ပြီးရှင်သန်နေတာထက်စာရင်သေသွားတာကမှကောင်းအုန်းမယ်လို့မှတ်ချက်ပြုပါတယ်။
ကျွန်မကတော့ဘယ်လိုဆုတောင်းပေးရမှန်းမသိပါ။
ဆေးရုံကပြန်လာပြီး၃၊၄ရက်လောက်ခလေးလေးကိုမျက်စိထဲမှာမြင်ယောင်ရင်း
စိတ်မကောင်းဖြစ်နေမိပါတယ်။
ဘယ်လိုအခက်အခဲတွေကြောင့်ဝမ်းကလွယ်ပြီးမွေးခဲ့ရတဲ့ကိုယ့်ရင်သွေးကို
ရက်ရက်စက်စက်စွန့်ပြစ်ရတာလည်းစဉ်းစားနေမိပါတယ်။
မွေးပြီးလူတွေရှိတဲ့ရွာအနီးမှာ၊မိဘမဲ့ဂေဟာမှာ၊ဘုရားကျောင်းအနီးမှာစွန့်ပြစ်ခဲ့ရင်တောင်
ဒီလိုအဖြစ်ဆိုးနဲ့ကြုံရမှာမဟုတ်ပါဘူး။
ဒီခလေးအသက်ရှင်ခဲ့ရင်ဘယ်မိဘကသူ့ကိုမွေးစားမှာလဲ။
မွေးစားမဲ့မိဘတွေကလည်းကျန်းမာပြီးချောမောလှပတဲ့ခလေးကိုဘဲမွေးစားချင်ကြမှာပါ။
သူဟာမိဘမဲ့ဂေဟာမှာဘဲဆက်လက်ရှင်သန်ရမှာပါ။
ရုပ်ပျက်ဆင်းပျက်မျက်နှာကကြည့်ပျော်ရှုပျော်ဖြစ်အောင်ပြုပြင်လို့ရောရမလား၊
ရခဲ့ရင်တောင်ဈေးကြီးတဲ့ခွဲစိပ်ကုသခကိုဘယ်သူကအကုန်ကျခံလုပ်ပေးမှာလဲ၊
ဒီပုံစံအတိုင်းကြီးပြင်းလာရင်မိဘမဲ့ဂေဟာမှာဘ၀တူမိဘမဲ့ခလေးတွေကသူ့ကိုရွံကြောက်
ကြီးဖြစ်ပြီးအပေါင်းအသင်းမှလုပ်ပါ့မလား၊
သူ့ရဲ့ဘ၀တလျှောက်လုံးအပါယ်ခံအထည်းကျန်ဘ၀နဲ့ဆက်လက်ရှင်သန်သွားရမဲ့
အရေးတွေးပြီးစိတ်မကောင်းဖြစ်မိပါတယ်။
ဘယ်လိုအကြောင်းကြောင့်ရလာတဲ့ခလေးဖြစ်ဖြစ်အခက်အခဲတွေဘယ်လိုဘဲရှိရှိ
မွေးလာတဲ့အပြစ်ကင်းတဲ့ကိုယ့်ရင်သွေးကိုစွန့်ပြစ်ရက်တဲ့သူ၊ဆက်တာဝန်မယူနိုင်ရင်
တောင်တောထဲမှာကျားစားစား၊ခွေးဆွဲဆွဲပြစ်ရက်တဲ့ခလေးအမေရဲ့စိတ်ဓါတ်ကိုတော့
အံ့သြမိပါတယ်။
ရက်စက်ပါပေ့ခလေးအမေရယ်....

Friday, December 10, 2010

မြင်ပါများတော့ရိုးတယ်ထင်

၂၀၀၄ခုနှစ်ဒီနိုင်ငံကိုကျွန်မရောက်စကတရုတ်နဲ့ဌာနေပေါက်ကုလားအနည်းငယ်သာ
ရှိပါတယ်။မြန်မာ၊ကိုးရီးယား၊ဖိလစ်ပိုင်၊NGOအဖွဲ့၊သာသနာပြုအဖွဲ့တွေနဲ့လာတဲ့
လူဖြူတွေလည်းအနဲအပါးရှိပါတယ်။
အာရှတိုက်နဲ့မိုင်ထောင်ပေါင်းများစွာဝေးပြီးအိန္နိယသမုဒ္ဒယာကြီးခြားနေတဲ့
ကုန်းတွင်းပိတ်နိုင်ငံငယ်လေးမှာအလုပ်လာလုပ်တဲ့အာရှသားတွေနည်းပါးတာမို့
ဒီကလူတွေကလူဖြူတွေကိုအမြင်မစိမ်းပေမဲ့အာရှသားတွေကိုတော့သိပ်မမြင်ဘူးကြပါ။
သူတို့ကိုယ်တိုင်ကလည်းနိုင်ငံရပ်ခြားအရောက်အပေါက်နည်းပါးတာကြောင့်
နိုင်ငံခြားသားတွေမတွေ့ဘူးကြပါ။
ဒါကြောင့်လူဖြူကလွဲရင်ကျန်တဲ့အသားညို၊အသားလတ်အားလုံးတရုတ်လို့
ထင်ကြပါတယ်။
ကျွန်မတို့မြန်မာတွေထဲမှာအသားညိုလို့မဲလုံးတို့၊ကုလားတို့ခေါ်သူတွေတောင်
တရုတ်လို့ထင်ခံရပါတယ်။
အဲဒီအချိန်ကကျွန်မတို့ကိုလမ်းမှာတွေ့ရင်တအံ့တသြငေးမောကြည့်ကြလို့
စိတ်ညစ်ရပါတယ်။
ကျွန်မကိုယ်တိုင်လည်းလူမဲဆိုတာရုပ်ရှင်ထဲမှာသာမြင်ဖူးတာပါ။
ဖြူဖြူသေးသေးပါးပါးယားယားအာရှသားတွေတွေ့နေရာကအရိုးအဆစ်ကြီးကြီး၊
နှုတ်ခမ်းထူထူ၊မျက်လုံးပြူးပြူးထောင်ထောင်မောင်းမောင်းစတွေ့တော့အရုပ်ဆိုးလှချည်ရဲ့ထင်မိပါတယ်။
ကြောက်လည်းကြောက်မိပါတယ်။
သူတို့တွေနဲ့အလုပ်အတူလုပ်တာကြာလာပြီးရင်းနှီးခင်မင်လာတော့သူတို့ကိုမဲလှချည်ရဲ့၊
ရုပ်ဆိုးလှချည်ရဲ့မထင်တော့ပါ။တစ်ချို့အမဲမလေးတွေကိုလှတယ်တောင်ထင်လာ
ပါတယ်။
၆နှစ်အတွင်းတရုတ်စက်ရုံတွေတဖြေးဖြေးများလာတာနဲ့အတူအဲဒီစက်ရုံတွေမှာလူမဲတွေအလုပ်ဝင်လုပ်ကြရင်းအာရှသားတွေနဲ့တစတစအတွေ့အမြင်များပြီးအကျွမ်းတ၀င်
ဖြစ်လာကြပါပြီ။
အကင်းပါးတဲ့အချို့လူမဲတွေတောင်ကျွန်မတို့မျက်နှာပေါက်၊အသားအရည်၊ပြောတဲ့စကားတွေကိုကြည့်ပြီးတရုတ်တွေနဲ့ခွဲခြားတတ်လာကြပါပြီ။
တွေ့ပါမြင်ပါများလာတော့သူတို့တွေကျွန်မတို့ကိုအထူးအဆန်းမဖြစ်တော့သလို
ကျွှန်မတို့ကလည်းသူတို့ကိုသက်တောင့်သက်သာနဲ့ပြောဆိုဆက်ဆံနိုင်သွားပါပြီ။