Sunday, May 20, 2012

ရွေးကောက်ပွဲ

ဒီနိုင်ငံဟာ၁၉၆၆ခုနှစ်မှာဗြိတိသျှကိုလိုနီအဖြစ်မှလွတ်လပ်ရေးရခဲ့တာပါ။
၅နှစ်တစ်ကြိမ်ရွေးကောက်ပွဲလုပ်ပြီးအရပ်သားအစိုးရကအုပ်ချုပ်ခဲ့ပါတယ်။
၁၉၈၆မှာစစ်တပ်ကအာဏာသိမ်းပြီးအုပ်ချုပ်ခဲ့တာ၁၉၉၃ထိပါ။
၉၃မှာအရပ်သားအစိုးရကအာဏာပြန်လွှဲပေးပြီး၅နှစ်တစ်ကြိမ်ရွေးကောက်ပွဲ
ပြန်လုပ်ခဲ့ပါတယ်။
၁၉၉၇မှာလက်ရှိပါတီအာဏာရပြီးအခုဝန်ကြီးချုပ်ဒီကနေ့ထိတိုင်၁၅နှစ်ကြာ
အုပ်ချုပ်နေတာပါ။
မေလ၂၆ ၇က်နေ့မှာ၅နှစ်တစ်ကြိမ်ပြုလုပ်တဲ့ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။
ကျွန်မအတွက်ကတော့ဒါဟာဒုတိယအကြိမ်ကြုံရတဲ့ဒီနိုင်ငံရဲ့ရွေးကောက်ပွဲပါ။
၁၉၉၇ရွေးကောက်ပွဲကိုမကြုံလိုက်ရပေမဲ့ရွေးကောက်ပွဲအပြီးပြည်သူတွေမကြေနပ်
လို့ဆူကြပူကြရာကတဆင့်ကားတွေမီးရှို့၊ဆိုင်တွေဖျက်ဆီး၊လမ်းမတွေပေါ်ကားတာယာ
တွေမီးရှို့၊ဆိုင်တွေဝင်ပြီးလုကြနဲ့အစွမ်းကုန်သောင်းကြမ်းကြလို့မြန်မာတွေရောတခြား
နိုင်ငံခြားသားတွေပါတဖက်နိုင်ငံကိုထွက်ပြေးကြရကြောင်းကြားဖူးထားတာကြောင့်
၂၀၀၈ရွေးကောက်ပွဲမှာကိုယ့်ဘက်ကအသင့်ပြင်ထားခဲ့ပါတယ်။
လမ်းတွေပိတ်ပြီးပြေးမရရင်အိမ်ထဲမှာဘဲနေပြီးဖြစ်သမျှရင်ဆိုင်ရမှာမို့ဆန်၊ဆီ၊ဆား၊
ခေါက်ဆွဲထုတ်စတဲ့အခြောက်အချမ်းတွေဝယ်၊မီးပြတ်ခဲ့ရင်သုံးဖို့ဖယောင်းတိုင်၊ဓာတ်မီး
အသင့်ပြင်၊ရေပြတ်ရင်သုံးဖို့ရေကျက်အေးနဲ့ရေတွေစုဆောင်း၊ကားထဲဆီအပြည့်ဖြည့်၊
အရေးကြုံရင်အလွယ်တကူဆွဲပြေးလို့ရအောင်အ၀တ်အစားအချို့နဲ့အရေးကြီးစာရွက်
စာတန်းတွေပိုက်ဆံတွေအိတ်တအိတ်ထဲထည့်ပြီးအထိတ်ထိတ်အလန့်လန့်နဲံစောင့်ခဲ့
ရတဲ့အတွေ့အကြုံကိုမမေ့သေးပါဘူး၊
၉၇အကြမ်းဖက်မှုကိုအတွေ့အကြုံရှိခဲ့တဲ့အစိုးရကနောက်တစ်ကြိမ်ဆူပူတာကို
အဖြစ်မခံတော့ပါဘူး။တောင်အာဖရိကနဲ့ဘော့ဆွားနားကစစ်တပ်တွေအကူအညီ
ခေါ်ခဲ့တာမို့ရွေးကောက်ပွဲမတိုင်ခင်၎၊၅ရက်အလိုမှာစစ်သားအပြည့်နဲ့စစ်ကားတွေ
တင့်ကားတွေကုန်းလမ်းက၀င်လာသလိုစစ်ရဟတ်ယာဉ်တွေကလည်းကောင်းကင်မှာ
တ၀ီဝီမို့စိတ်ဘဲအေးရမလို၊စိတ်ဘဲပူရမလိုတထင့်ထင့်နဲ့နေရပေမဲ့ကံကောင်းထောက်မ
စွာဘာမှမဖြစ်ခဲ့ပါဘူး။
လက်ရှိပါတီဘဲအာဏာပြန်ရတာကိုမကြေနပ်တဲ့အတိုက်အခံပါတီတွေနဲ့သူတို့ပါတီ
ကိုထောက်ခံတဲ့ပြည်သူအချို့ကအာဏာရပါတီကိုမဲလိမ်တယ်၊မဲခိုးတယ်ဆိုပြီးမကျေနပ်
တဲ့အသံတွေထွက်လာခဲ့ပေမဲ့ဆူပူမှုတော့မဖြစ်ခဲ့ပါ။
အခုဝန်ကြီးချုပ်ဟာပညာတတ်အရပ်သားဝန်ကြီးချုပ်ဖြစ်ပေမဲ့၁၅နှစ်နိုင်ငံကိုအုပ်ချုပ်
ခဲ့တာနိုင်ငံဖွံ့ဖြိုးတိုးတက်မလာဘဲအာဏာသက်ရှည်လာတာနဲ့အမျှနေရာတိုင်းမှာ
အကျင့်ပျက်ခြစားမှုတွေ၊လပ်ပေးလပ်ယူမှုတွေနဲ့နံမည်ပျက်နေပါတယ်။
ပါတီကနှစ်ခြမ်းကွဲနေပြီးလာမဲ့ရွေးကောက်ပွဲမှာပါတီ၂ခုအနေနဲ့ပြန်အရွေးခံမှာပါ။
ပါတီပေါင်း၂၀နီးပါးအရွေးခံမဲ့ဒီရွေးကောက်ပွဲမှာစစ်တပ်နောက်ခံရှိတဲ့လက်ရှိပါတီနိုင်မလား၊
အင်အားအသင့်အတင့်ရှိတဲ့အတိုက်အခံပါတီတွေနိုင်မလားမပြောနိုင်ပါဘူး၊
ပါတီတွေကတော့မစားရ၀ါးခမန်းတွေပြောပြီးရေဒီယို၊တီဗွီသာမကမြို့ရောနယ်ပါဆင်းပြီး
အပြိုင်အဆိုင်မဲဆွယ်စည်းရုံးရေးဆင်းနေကြပါတယ်။
ပြည်သူတွေကတော့သူတို့ရဲ့အတွေ့အကြုံအရစစ်တပ်ရော၊ပါတီတွေကိုပါအယုံအကြည်
မရှိကြတော့ပါ။အာဏာမရခင်ပြည်သူလူထုကိုဘာလုပ်ပေးမယ်၊ညာလုပ်ပေးမယ်၊
တိုင်းပြည်တိုးတက်ဖွံ့ဖြိုးအောင်ဘာတွေဘယ်လိုလုပ်ပေးမယ်ဆိုပြီးကတိတွေအထပ်ထပ်
ပေးခဲ့ပေမဲ့အာဏာရလာတာနဲ့တိုင်းပြည်နဲ့ပြည်သူလူထုအတွက်ဘာမှလုပ်မပေးဘဲ
ရသမျှအိတ်ထဲထည့်နေတဲ့နိုင်ငံရေးသမားတွေရဲ့အပြောတွေကိုလည်းစိတ်ပျက်နေပါပြီ။
နေရာတိုင်းအကျင့်ပျက်ခြစားနေတဲ့လက်ရှိအစိုးရကိုလည်းမကြိုက်၊အပြောကောင်းတဲ့
အတိုက်အခံပါတီတွေကိုလည်းစိတ်တိုင်းမကျ၊မယုံရဲနဲ့မေးလိုက်တိုင်းဘယ်သူ့ကို
မဲပေးရမလဲမဆုံးဖြတ်နိုင်သေးတဲ့သူကခပ်များများ ။
ဘယ်ပါတီဘယ်သူ့ကိုမှမကြိုက်ဘူးပြောတဲ့သူရှိသလို၊ဟိုပါတီတက်လာရင်ကောင်းနိုးနိုး၊
ဒီပါတီတက်လာရင်အပြောင်းအလဲဖြစ်နိုးနိုးဇဝေဇ၀ါဖြစ်နေတဲ့သူတွေလည်းရှိပါတယ်။
သူတို့နိုင်ငံသားလည်းမဟုတ်၊မဲမေးရမဲ့သူလည်းမဟုတ်၊သူတို့နိုင်ငံရေးနဲ့သူတို့နိုင်ငံရေး
သမားအကြောင်းတွေလည်းသေချာမသိတဲ့ကျွန်မကတော့အရင်ရွေးကောက်ပွဲတုန်းက
လိုဘဲအစားအသောက်တွေစု၊အခြေအနေမကောင်းရင်ပြေးဖို့အထုတ်ပြင်နေပါပြီ။

ပြည်သူပြည်သားတိုင်းဟာဘယ်အစိုးရဘဲတက်တက်၊ဘယ်ပါတီဘဲနိုင်နိုင် နိုင်ငံကို
တကယ်ချစ်ပြီးပြည်သူတွေအတွက်စဉ်းစားငဲ့ညှာပြီးကိုယ်ကြိုးမဖက်တိုင်းပြည်အတွက်
အားကြိုးမာန်တက်လုပ်ဆောင်ပေးမဲ့ခေါင်းဆောင်ကောင်းကိုမျှော်လင့်တောင့်တကြတာ
ဘဲမဟုတ်ပါလား။