Sunday, September 12, 2010

ကလေးတို့ကစားဝိုင်း

ကျွန်မနေတဲ့တိုက်ရဲ့ဘေးမှာကား၎၊၅စီးရပ်နိုင်တဲ့ကားပါကင်အသေးလေးနဲ့မျက်ခင်းစိမ်းလေးတစ်ခုရှိပါတယ်။
အခုအဲဒီပါကင်ကိုအသုံးမပြုတော့ဘဲကားဝင်တဲ့အပေါက်ကိုအသေပိတ်လိုက်
တာကြောင့်ဒီကွက်လပ်နဲ့မျက်ခင်းပြင်ဟာကလေးတို့ရဲ့ကစားကွင်းဖြစ်လာပါတယ်။
ကျွန်မအိမ်ကဒုတိယထပ်မှာမို့ပြတင်းပေါက်ကကြည့်ရင်သူတို့ကစားဝိုင်းကိုမြင်နေ
ရပါတယ်။
ညနေ၄၊၅နာရီလောက်ဆိုရင်သူတို့ရဲ့အသံတွေကြားနေရပါပြီ။
တစ်ခုသောစနေနေ့မှာပျင်းပျင်းနဲ့သူတို့ကစားဝိုင်းကိုကြည့်ရင်းစဉ်းစားနေမိပါတယ်။
လာကစားကြတဲ့ကလေးတွေကတော့အရွယ်စုံပါ။
အသက်၃၊၄နှစ်လောက်ကနေ၉နှစ်၁၀နှစ်လောက်အထိပါ။
အကြီးလေးတွေကမိန်းခလေးတွေပါ။သူတို့နဲ့အတူ၃၊၄နှစ်လောက်ရှိတဲ့သူတို့တွေရဲ့
မောင်လေးတွေပါလိုက်လာပြီးဆော့ကြတာပါ။
ကျွန်မအောက်ထပ်မျက်စောင်းထိုးအိမ်ကအိန္ဒိယလာတဲ့မောင်နှမ၃ယောက်၊
မျက်နှာချင်းဆိုင်အခန်းမှာနေတဲ့ပါကစ္စတန်ကအမွှာမောင်နှမ၊အပေါ်ဆုံးထပ်က
ဘင်္ဂလားဒေ့င်္ချဆရာဝန်ရဲ့သမီး၊သူရဲ့ဘေးခန်းကအီသီယိုးပီးယားကမောင်နှမ၃ယောက်၊
မြေညီထပ်ကမူကြိုကျောင်းသူဖိလစ်ပိုင်မလေး၊ကျွန်မတို့ဝင်းထဲကကုန်းကလေးပေါ်က
အိမ်မှာနေတဲ့ဒီအိမ်ရာတွေနဲ့ဆိုင်တဲ့ဝန်ထမ်းရဲ့ကလေးမောင်နှမ၂ယောက်၊
သူတို့ကဒီနိုင်ငံသားအမဲလေးတွေပါ။
သူတို့လေးတွေရဲ့မိဘတွေဟာမူစလင်၊ဟိန္နူ၊ခရစ်ယန်ဘာသာဝင်တွေပါ။
မိန်းကလေးတွေကပန်းပွားလေးတွေနဲ့ကကြ၊ခုန်ကြ၊သီချင်းဆိုကြနဲ့ပါ။
အရုပ်တွေ၊အိုးခွက်တွေနဲ့လည်းကစားကြပါတယ်။
ယောင်္ကျားလေးတွေကတော့ပြေးကြလွှားကြ၊ခုန်ကြပေါက်ကြ၊လုံးကြထွေးကြနဲ့
ဖုတ်အလိမ်းလိမ်းသဲအလိမ်းလိမ်းနဲ့ပါ။ကလေးစီးစက်ဘီးလေးတွေလည်းစီးကြပါတယ်။
စက်ဘီးမရှိတဲ့သူကိုရှိတဲ့သူကပေးစီးပါတယ်။
တခါတခါတော့ရန်ဖြစ်ကြ၊အော်ဟစ်ငိုယိုကြပါတယ်။
အချင်းချင်းဖြန်ဖြေပေးပြီးရန်ပွဲကပြီးသွားပါတယ်။
ခဏနေတော့ရန်ဖြစ်တာမေ့သွားပြီးဆက်ကစားကြပြန်ပါတယ်။ရန်ဖြစ်ကြပြန်ချစ်ကြနဲ့
ခလေးပီပီအငြိုးအတေးတွေလည်းမရှိကြပါဘူး။

ကမ္ဘာကြီးမှာလောဘဒေါသမာနမုန်းတီးမှုအာဃာတတွေနဲ့လူကြီးတွေကလူမျိုးရေးစစ်ပွဲ၊
ဘာသာရေးစစ်ပွဲတွေကိုဆင်နွှဲပြီးအချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြတဲ့အချိန်မှာ
ကလေးလေးတွေကလူမျိုးစွဲဘာသာစွဲမရှိဘဲတစ်ဦးနဲ့တစ်ဦးချစ်ခင်သင့်မြတ်စွာ
ကစားနေကြပါတယ်။
ကလေးတို့ကြီးပြင်းအရွယ်ရောက်လာတဲ့အခါသူတို့ရဲ့ဖြူစင်တဲ့စိတ်ဓါတ်လေးတွေ
အရောင်စွန်းထင်းကုန်မှာစိုးလှပါတယ်။
လူမျိုးစွဲဘာသာစွဲကင်းတဲ့အဖြူရောင်စိတ်လေးတွေနဲ့ကြီးပြင်းရှင်သန်ရင်းစစ်ပွဲတွေ
ကိုအဆုံးသတ်လို့အနာဂတ်ကာလမှာငြိမ်းချမ်းတဲ့ကမ္ဘာကြီးကိုကလေးတို့ဆက်လက်
တည်ဆောက်နိုင်ရင်ဘယ်လောက်များကောင်းလိမ့်မလဲတွေးနေမိပါတယ်။