Friday, October 30, 2009

အွန်လိုင်းစာပေလောက

အွန်လိုင်းစာပေလောကဆိုတာကိုယ့်စာကိုယ်တည်းဖြတ်၊ကိုယ်ရေးတဲ့စာ
ကိုယ်တာဝန်ယူပြီးရေးးသားနေကြတဲ့စာပေ၀ါသနာရှင်များရဲ့ရင်ဖွင့်ရာ
နေရာလေးလို့ကျွန်မမြင်ပါတယ်။
စာရေးသူအများစုဟာရေခြားမြေခြားမှာမိဝေးဖဝေးမိသားစုဝေးနဲ့
ပညာသင်ဖို့၊၀မ်းရေးတွက်အလုပ်လုပ်ဖို့စတဲ့အကြောင်းအမျိုးမျိုးကြောင့်
နေနေကြရသူတွေဖြစ်ပါတယ်။သူများနိုင်ငံဘယ်လောက်တိုးတက်ပြီး
ဘယ်လောက်ကောင်းတယ်ဆိုဆိုကိုယ်နေထိုင်ကြီးပြင်းအရွယ်ရောက်ခဲ့
တဲ့ဇာတိမြေကိုတော့ဘယ်သူမှမေ့နိုင်ကြမယ်မထင်ပါဘူး။အမိမြေမှာ
ကျန်ခဲ့တဲ့ချစ်သူ၊မိဘဆွေမျိုး၊မိတ်ဆွေငယ်သူငယ်ချင်းတွေကိုလဲအမြဲ
တမ်းတလွမ်းဆွတ်နေကြမှာပါ။ဒီကြားထဲယဉ်ကျေးမှုဓလေ့စရိုက်မတူ
တဲ့လူမျိုးခြားတွေနဲ့အလုပ်လုပ်ရလို့အဆင်မပြေမှုတွေ၊အခက်အခဲတွေ
ကလဲအများကြီးပါ။
အိမ်အလွမ်းနဲ့စိတ်ဖိစီးမှုတွေကိုဖြေဖြောက်နိုင်တဲ့နေရာကတော့အွန်လိုင်း
စာပေလောကလေးပါဘဲ။
စာရေးသူဟာအလွမ်းအဆွေး၊ပျော်စရာ၊ဒေါသဖြစ်စရာ၊
ဝမ်းနည်းစရာ၊မခံချင်တာစတဲ့သူ့ ခံစားမှုတွေကိုဆင်ဆာမရှိ၊တည်းဖြတ်သူ
မရှိလွတ်လပ်စွာရင်ဖွင့်နိုင်တာအွန်လိုင်းဘလော့မှာပါ။
မမြင်ဘူးကြပေမဲ့ဘလော့မောင်နှမတွေအချင်းချင်းရိုင်းပင်းကူညီအားပေး
မှုတွေကလဲလျော့ပါးကျဆင်းနေတဲ့စိတ်ဓာတ်တွေအတွက်အင်အားတခုပါပဲ။
ဒီလောကထဲရောက်လာလို့အားပေးခင်မင်တတ်တဲ့မိတ်ဆွေတွေတိုးလာသလို
ကိုယ်မသိနားမလည်တဲ့အကြောင်းအရာတွေလည်းမိတ်ဆွေများရဲ့ဘလော့တွေ
ကလေ့လာသိရှိနိုင်တာမို့်အွန်လိုင်းစာပေလောကလေးဟာကျွန်မအတွက်တော့
စိတ်၏ဖြေရာအားဆေးလေးတစ်ခွက်ပါပဲရှင်။
မိတ်ဆွေကြီးကိုဘကြိုင်ရေ..တဂ်ထားတာလေးတတ်သလောက်မှတ်သလောက်
ရေးလိုက်ပါတယ်။ ပျော်ရွှင်ပါစေနော်။

Friday, October 23, 2009

ပစ်တိုင်းထောင်ရုပ်ကြိုးတွေရှုပ်

ဒီနိုင်ငံမှာခွေးတွေကိုအိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးကြပေမဲ့ကြောင်ကလေး
တွေကိုတော့မွေးလေ့မရှိပါဘူး။လူမဲတော်တော်များများကလဲတိရိစ္ဆာန်
မချစ်တတ်ပါ။လူဖြူအာဖရိကန်တွေကသာခွေးတွေ၊ကြောင်တွေတယုတယ
မွေးကြပါတယ်။အမဲတွေခွေးမွေးတယ်ဆိုတာကလဲတောမှာသိုးတွေ၊
ဆိတ်တွေ၊နွားတွေကျောင်းဖို့၊မြို့မှာသူခိုးရန်ကာကွယ်ဖို့ပါ။ချစ်လို့မွေးကြတာ
ရှားပါတယ်။
ဒီကကြောင်တွေဟာတောထဲမှာ၊ကျင်းတွေဂလိုင်တွေထဲမှာနေပြီးနီးစပ်ရာ
မှာရှာစားရတဲ့ကြောင်ရိုင်းလေးတွေပါ။ကြောင်ရိုင်းဆိုပေမဲ့အေးတဲ့ဒေသမို့
အမွှေးထူပြီးမျက်နှာပေါက်ကလေးတွေကလှပါတယ်။
ကျွန်မတို့တိုက်ရဲ့အောက်ဘက်အမှိုက်ခန်းနားမှာဂလိုင်ကြီးတစ်ခုရှိပါတယ်။
အဲဒီထဲမှာကြောင်ရိုင်းလေးတွေနေပါတယ်။သူတို့ဟာဂလိုင်ထဲမှာနေ၊အမှိုက်
ခန်းကစားကြွင်းစားကျန်တွေစား၊အဲဒီမှာသားပေါက်နဲ့ကြောင်ဦးရေ
တိုးပွားလာပါတယ်။ဒါပေမဲ့တစ်ချို့လုံခြုံရေးအမဲတွေကအလစ်ဖမ်းပြီးစားလို့
ကြောင်ဦးရေကတိုးလိုက်လျော့လိုက်ပါ။
ကျွန်မတို့တိုက်မှာနေတဲ့မြန်မာအမျိုးသမီးတွေအားလုံးတိရိစ္ဆန်ချစ်တတ်ပြီး
ခွေးတွေကြောင်တွေ မွေးချင်ပေမဲ့တိုက်ခန်းစည်းကမ်းအရမွေးခွင့်မရှိပါဘူး။
ကျွန်မကတော့သူတို့လေးတွေနေမကောင်းရင်၊သေသွားရင်
ခံစားရလွန်းလို့ဘာတိရိစ္ဆာန်မှမမွေးဘဲသံယောဇဉ်ဖြတ်ထားတာကြာပါပြီ။
ကြောင်ဇာတ်လမ်းကိုစသူကတော့မသီတာဖြစ်ပါတယ်။
မသီတာဟာသူနဲ့၆နှစ်လောက်နေခဲ့တဲ့ကြောင်ကြီးကိုသူများပေးပြီးသူ့ 
ခင်ပွန်းရှိတဲ့ဒီကိုလိုက်လာသူဖြစ်ပါတယ်။သားသမီးမရှိသူမို့သူ့ကြောင်ကို
အလွန်ချစ်ပြီးသားသမီးလိုမွေးခဲ့တာကြောင့်ကြောင်ကိုသတိရတိုင်းယောင်္ကျား
ကိုဂျီကျတတ်သူလဲဖြစ်ပါတယ်။
သူကအိမ်ရှင်မသက်သက်မို့ချက်ပြုတ်ပြီးရင်ပြင်းပြင်းနဲ့ပြတင်းပေါက်မှာငေးရင်း
ကြောင်တွေကိုစိတ်ဝင်စားလာပါတယ်။ထမင်းဟင်းကျန်တွေနယ်ဖတ်ဖေါ့ဗန်း
လေးနဲ့ထည့်ပြီးဂလိုင်ပေါက်မှာသွားချထားပါတယ်။အရင်ကအမှုမဲ့အမှတ်မဲ့နေ
နေရာကကျွန်မတို့တတွေလည်းကြောင်လေးတွေကိုရှိတဲ့အရိုးအရင်းလေးတွေ
နဲ့အစာသွားကျွေးကြပါတယ်။
သူတို့တတွေဟာအနားသိပ်မကပ်ရဲကြပေမဲ့အစာကျွေးပါများတော့ကျွန်မတို့ကို
တဖြေးဖြေးမှတ်မိလာပါတယ်။အစာကျွေးဖို့သွားရင်ထွက်မပြေးပဲလူနဲ့အတော်
နီးနီးထိလာစားပါတယ်။ပြတင်းပေါက်မှာတွေ့ရင်လဲမော့ကြည့်ပြီးတညောင်ညောင်
အော်ရင်းအစာတောင်းတတ်ပါတယ်။တိရိစ္ဆာန်ပေမဲ့သဘာဝအသိစိတ်အရ
သူတို့ကိုအန္တရာယ်ပြုမဲ့သူဟုတ်မဟုတ်ခွဲခြားတတ်ပါတယ်။လုံခြုံရေးနဲ့ကုလား
ကလေးတွေမြင်ရင်အနားကပ်မခံပဲဂလိုင်ထဲဝင်ပြေးကြပါတယ်။
သူတို့ကကျွန်မတို့ကိုမှတ်မိလာသလိုကျွန်မတို့ကလဲကြည့်ရင်းသူတို့ကိုတစ်ကောင်
ချင်းသိလာပါတယ်။
ကျွန်မတို့နဲ့မျက်မှန်းတမ်းမိဆုံးကတော့ကုလားလေးတွေဂဲနဲ့ပေါက်လိုက်လို့ခြေထောက်လေး
တစ်ဘက်ခွင်နေတဲ့ခွင်ခွင်လေးပါ။ကိုင်လို့မရပေမဲ့တော်တော်လေးယဉ်ပြီးကျွန်မတို့နဲ့
နီးနီးမှာနေတတ်ပါတယ်။
တကိုယ်လုံးနက်တဲ့နက်နက်၊မျက်နှာချွန်ချွန်နဲ့ကောင်ကိုစုတ်ချွန်း၊မျက်နှာပေါက်လ
တဲ့ကြောင်မလေးကိုချောစု၊တခြားကြောင်တွေတွေကိုအနိုင်ကျင့်တဲ့ကောင်ကို
စွမ်းအားရှင်စသဖြင့်ပေါက်ကရနာမည်တွေလည်းပေးထားပါသေးတယ်။
ညနေဖက်တွေ့ကြရင်နက်နက်ကိုတခြားတိုက်ကကြောင်ထီးကြီးလာရစ်တာ၊
ပြောက်ကျားမလေးဇီးရှိနေတာ၊ချောစုလေးအစာကိုစွမ်းအားရှင်ကလုစားလို့
မောင်းထုတ်ရတာစသဖြင့်စက်ရပ်သတင်းတွေဖလှယ်ကြပါတယ်။
ကြောင်များရဲ့မိခင်ကြီးမသီတာကတော့အားလုံးထဲမှာအလုပ်အရှုပ်ဆုံးပါ။
အစာမှန်မှန်ကျွေးတဲ့အလုပ်အပြင်အမဲလုံခြုံရေးတွေဂလိုင်နားလာချောင်းရင်
ဖမ်းမှာစိုးလို့အသံပြုရတာနဲ့၊ကုလားလေးတွေဂဲနဲ့လာပေါက်ရင်ထွက်အော်ရတာ
နဲ့၊ကျွေးထားတဲ့အစာကိုတခြားတိုက်ကကြောင်တွေလာစားရင်ခြောက်ရတာနဲ့
ပြင်းတယ်လို့တောင်မငြီးနိုင်တော့ပါဘူး။
တနေ့တော့ခွင်ခွင်လေးပျောက်သွားပါတယ်။ကျွန်မတို့တွေဂလိုင်နားခဏခဏ
သွားချောင်းသူကချောင်း၊လက်နှိပ်ဓာတ်မီးနဲ့အပေါက်ထဲထိုးကြည့်သူကကြည့်၊
တခြားတိုက်ကအမှိုက်ခန်းတွေထဲနံနံစော်စော်သွားရှာသူကရှာ၊လုံခြုံရေး
တွေဖမ်းတာနေမှာဘဲဆိုပြီးကျိန်ဆဲသူကကျိန်ဆဲနဲ့အလုပ်တွေရှုပ်ကြပါတယ်။
၃ရက်လောက်ကြာမှကိုယ်တော်ချောကပြန်ရောက်လာပါတယ်။
သူတို့ရာသီမှာတခြားတိုက်ကကြောင်မတွေသွားပိုးပြီးအလည်လွန်နေတာဖြစ်မှာပါ။
အားလုံးပျောက်နေတဲ့ပစ္စည်းပြန်ရသလိုပျော်သွားကြပါတယ်။
အော်..သံယောဇဉ်များနော်..ကိုယ့်အိမ်မှာတယုတယမွေးထားတာမဟုတ်ပဲ
အဝေးကအစာလေးကြွေးရုံနဲ့တောင်တွယ်ငြိတတ်ပါတယ်။
တခါတရံအမှတ်မထင်တွယ်တဲ့သံယောဇဉ်တွေကဖြတ်ရခက်တတ်ပါတယ်လေ။

Saturday, October 17, 2009

အလယ်ကလူုစကားဝဲ၏

ဘာသာစကားတစ်ခုပြောတဲ့နေရာမှာလူမျိုး၊နေရာဒေသကိုလိုက်ပြီးလေယူလေသိမ်း၊
အသံအတက်အကျ၊အဆွဲအငင်အဖြတ်အတောက်တွေ ကွဲပြားကွာခြားကြပါတယ်။
ကျွန်မတို့ဆီကတိုင်းရင်းသားတွေမြန်မာစကားပြောရင်ဝဲသလိုဒီမှာလည်းအင်္ဂလိပ်စကားကို
ပြောတာလူမဲနဲ့အာဖရိကန်ဘိုးဝါးလူဖြူတွေလေယူလေသိမ်းအသံထွက်မတူကြပါ။
အာဖရိကတစ်တိုက်ထဲမှာတောင်မှမြောက်ပိုင်း၊အလယ်ပိုင်း၊တောင်ပိုင်းလေယူလေသိမ်း
မတူကြပါ။
အင်္ဂလိပ်စာမတောက်တခေါက်နဲ့နိုင်ငံခြားထွက်လာတဲ့ကျွန်မဒီရောက်တာနဲ့အမဲလေနဲ့စတွေ့
ရတော့တာပါဘဲ။
အင်္ဂလိပ်၊အမေရိကန်လေယူလေသိမ်းသာဗီဒီယိုကားတွေမှာကြားဖူးပြီးလူမဲတွေရဲ့အသံထွက်က
တစ်မျိုးမို့သူတို့လေကိုကျက်မိအောင်ကြိုးစားရပါတယ်။သူတို့လိုဆွဲဆွဲငင်ငင်အသံအတက်
အကျနဲ့မပြောဘဲအသံပြတ်နဲ့ပြောတဲ့ကျွန်မလေသံကိုလဲသူတို့က၀ဲတယ်ထင်ကြမှာပါ။
သူတို့ လေကိုနားရည်ဝပြီးအဆင်ပြေယုံရှိသေးနောက်ပြသနာတစ်ခုဝင်ပြန်ပါတယ်။
ကျွန်မဌာနဟာတစ်ဘက်နိုင်ငံBloemfontainမြို့နဲ့ဆက်သွယ်လုပ်ရတဲ့လုပ်ငန်းတွေရှိပါတယ်။
ကျွန်မနေတဲ့နိုင်ငံမှာအင်္ဂလိပ်နဲ့စီစိုသိုဘာသာစကား၂မျိုးသာသုံးပေမဲ့တစ်ဘက်နိုင်ငံမှာတော့
အဲဒီ၂မျိုးအပြင်အာဖရိကန်ဘာသာစကားကိုလည်းအသုံးများပါတယ်။
Bloemfontainမြို့ဟာတောင်အာဖရိကနိုင်ငံFree State Provinceရဲ့မြို့တော်ဖြစ်ပါတယ်။
အမဲတွေအပြင်ဘိုးဝါးလို့ခေါ်တဲ့အာဖရိကန်လူဖြူတွေအများအပြားနေထိုင်တဲ့မြို့ပါ။
အာဖရိကန်ဘာသာစကားကျယ်ကျယ်ပြန့်ပြန့်သုံးပြီးတက္ကသိုလ်တက်ရင်၊အလုပ်လျှောက်ရင်
်အာဖရိကန်လိုတတ်မှအဆင်ပြေတဲ့ဒေသပါ။
အာဖရိကန်စကားဟာအာလိပ်လျှာလိပ်ပြောလို့နားထောင်လို့ကောင်းပေမဲ့သူတို့လိုပြောနိုင်
ဖို့တော့ခက်ခဲပါတယ်။
အလုပ်မှာBloemfontainကိုဖုံးနဲ့ဆက်သွယ်ရတော့မယ်ဆိုရင်ကျွန်မဟိုချောင်ကပ်
ဒီချောင်ကပ်နဲ့ရှောင်ပါတော့တယ်။မရှောင်သာလို့ဖုံးခေါ်ရပြီဆိုရင်တော့ဒုက္ခှတွေ့ရပါ
တော့တယ်။
သူတို့ရဲ့အာလိပ်လျှာလိပ်အာဖရိကန်သံဝဲတဲ့အင်္ဂလိပ်စကားကိုကျွန်မလုံးဝနားမလည်ပါ။
နဂိုကမှအင်္ဂလိပ်စာကတော်တော်မို့ခပ်မြန်မြန်ံများပြောလိုက်လို့ကတော့မျက်ကလူးဆန်ပြာ
နဲ့သူတို့ဘာပြောလဲဆိုတာနားလည်ဖို့နေနေသာသာအင်္ဂလိပ်လိုပြောနေတာလားအာဖရိကန်
လိုပြောနေတာလားတောင်မသိတော့ပါ။
ဘာတွေပြောနေမှန်းမသိလို့ခဏခဏပြန်မေးနေတာဖုံးထဲကနေမို့ပါဘဲ။လူသာအနားမှာရှိ
လို့ကတော့စိတ်တိုပြီးထရိုက်မှာသေချာပါတယ်။
ကျွန်မပြောတဲ့အင်္ဂလိပ်စကားကိုလည်းအာမထိလျှာမထိငပိသံဝဲတယ်လို့သူတို့ထင်မှာပါဘဲ။
ပြီးခဲ့တဲ့အပတ်ကBloemfontainမြို့ကိုအလုပ်ကိစ္စနဲ့သွားဖို့ကျွန်မကိုလွှတ်ပါတယ်။
လုပ်ဖေါ်ကိုင်ဖက်တွေကစရိတ်ငြိမ်းခရီးထွက်ရမှာမို့ကံကောင်းလိုက်တာပြောကြပေမဲ့
ကျွန်မကတော့ကိုယ့်အပူနဲ့ကိုယ်စိတ်ညစ်နေပါတယ်။ဟိုမှာအာဖရိကန်သံဝဲ၀ဲအင်္ဂလိပ်
စကားကိုနားမလည်ဘဲတလွှဲတွေလုပ်ရင်ဒုက္ခလှလှတွေ့ရပါတော့မယ်။
ဘုရားသိကြားမလို့ကျွန်မနဲ့တွေ့ခဲ့ရတဲ့အာဖရိကန်ကြီးကပြုံးပြုံးရွှင်ရွှင်နဲ့သဘောကောင်း
ပါတယ်။မျက်နှာဇီးရွက်လောက်နဲ့အူကြောင်ကြောင်ကျွန်မပုံစံကိုသနားသွားလို့လားမသိ၊
စကားကိုခပ်ဖြေးဖြေးပြောပေးတဲ့အတွက်အလုပ်ကိစ္စအားလုံးအဆင်ပြေခဲ့ပါတယ်။
သူတို့ပြောတာနားမလည်မှာ၊အလုပ်ကိစ္စအဆင်မပြေမှာစိုးရိမ်စိတ်တွေများနေတာကြောင့်
ခရီးသွားရတာပျော်တောင်မပျော်လိုက်ရပါဘူးရှင်။


Saturday, October 10, 2009

အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း

ကျွန်မနေတဲ့အခန်းရဲ့အပေါ်ထပ်မှာငပွကြီးကုလားမိသားစုရှိပါတယ်။
အသက်၃၀ကျော်လောက်ရှိတဲ့အဖေနဲ့ အမေ၊သူတို့ ကလေးဘုစုခရု၎ယောက်ပါ။
သူတို့ ပြောင်းလာတာ၁နှစ်လောက်ရှိပါပြီ။ကျွန်မရဲ့ငြိမ်သက်အေးချမ်းမှုတွေလည်း
ပျောက်ဆုံးခဲ့တာ၁နှစ်ရှိပြီပေါ့။
အဖေလုပ်သူကအပြင်သွားမယ်ဆိုရင်အောက်ထပ်ကားပါကင်ကနေသူ့မိန်းမနဲ့ကလေးတွေ အောက်ဆင်းမလာမချင်းဟွန်းတတီတီတီးပါတယ်။ကားဟွန်းသံကြောင့်အိမ်နီးချင်းတွေ
စိတ်အနှောက်အရှက်ဖြစ်ရပါတယ်။
အမေလုပ်သူကတော့အောက်ထပ်ကကုလားမတွေနဲ့မကြာခဏအော်ကြီးဟစ်ကျယ်ရန်ဖြစ်
တတ်ပါတယ်။ဝရံတာကနေအပေါ်နဲ့အောက်လှမ်းအော်ရန်ဖြစ်ကြတာမို့ပတ်ဝန်းကျင်အိမ်
တွေတော်တော်နားငြီးရပါတယ်။
မိဘတွေလူမှုရေးနားမလည်သလိုကလေးတွေကလည်းတက်ညီလက်ညီသောင်းကြမ်း
ကြပါတယ်။
တခြားအိမ်ကကုလားကလေးတွေနဲ့ပေါင်းပြီးဝရံတာမှာတစ်နေကုန်နေ၀င်မိုးချုပ်ထိ
စက်ဘီးစီးကြပြေးလွှားကစားကြပါတယ်။ရန်ဖြစ်ကြ၊ငိုကြအော်ကြနဲ့ဝရံတာတလျှောက်
ဆူညံပွက်လောရိုက်နေတာပါဘဲ။
မိဘတွေကတော့ဘယ်လောက်ဆူညံညံတစ်ချက်လေးမှထွက်မဟန့် ပါ။
ကျွန်မစိုက်ထားတဲ့ဝရံတာကချဉ်ပေါင်ပင်တွေလည်းသူတို့နှိပ်စက်လို့ဘာပင်မှ
မစိုက်တာကြာပါပြီ။
သူတို့ ဘေး၂ခန်းကျော်ကတရုတ်မအလုပ်မသွားခင်မနက်စောစောလျှော်ဖွတ်ပြီး အခန်းရှေ့ဝရံတာမှာချိတ်နဲ့လှမ်းခဲ့တဲ့အ၀တ်တွေလည်းယူဆော့ဖုန်တွေနဲ့လူး၊ချိတ်တွေ
ဝရံတာမှာလွှတ်ပြစ်တာမို့တရုတ်မခင်မျာအ၀တ်တွေအပြင်မှာမလှမ်းခဲ့ရဲတော့ပါ။
သူတို့ကလေးတွေသောင်းကြမ်းလွန်းလို့သွားပြောရင်လည်းအမေကုလားမကကက်ကက်
လန်အောင်အော်ကြီးဟစ်ကျယ်ရန်တွေ့တတ်တာကြောင့်အိမ်နီးချင်းအားလုံးကသူတို့နဲ့
မပြောချင်မဆိုချင်မပတ်သက်ချင်ကြပါ။
လှေခါးအတက်အဆင်းမှာစက္ကူစုတ်တွေ၊ချောကလက်ခွံတွေ၊သဲတွေနဲ့ပွစိတက်အောင်
ဆော့ထားကြတာလည်းသူတို့ ပါဘဲ။အဲဒီအပြင်ခြံဝင်းထဲကသူတို့ အရပ်နဲ့မှီတဲ့အပင်
မှန်သမျှပန်းပွင့်တွေခူးတစစီချွေ၊သစ်ကိုင်းတွေချိုး၊သစ်ရွက်တွေခူးလွှတ်ပြစ်ပြီးအမှိုက်တွေ
ဖွကြတာလဲသူတို့လက်ချက်ပါဘဲ။
ကျွန်မအခန်းကသူတို့အောက်တည့်တည့်မှာမို့တခြားအိမ်နီးချင်းတွေထက်ပိုခံစားရပါတယ်။
နေ့လည်ထမင်းစားပြီးထမင်းလုံးစီမလို့ငိုက်လာရုံရှိသေးအပေါ်ထပ်ကတဒုန်းဒုန်းတဒိုင်းဒိုင်း
သံတွေကြောင့်လန့်ဖြန့်နိုးပြီးရင်တုန်ရတာအခါခါပါ။
ည၁၁နာရီလောက်တဒုန်းဒုန်းထုတာကတမျိုး၊ညသန်းခေါင်အချိန်ကကျမှပစ္စည်းတွေရွှေ့လို့ ဆူညံသံကတမျိုး၊ဒေါက်ဖိနပ်စီးပြီးတအိမ်လုံးလျှောက်သွားနေတယ်ထင်ရတဲ့ဒေါက်ဖိနပ်သံ
တဂွပ်ဂွပ်ကတမျိုး၊တစ်နေ့ တမျိုးမရိုးရအောင်နှိပ်စက်ပါတယ်။
ဒါ့အပြင်ဂက်စ်အိုးတွန်းသံရွှေ့ သံကလဲနေ့ တိုင်းလောက်ကြားရပါတယ်။
ဂက်စ်အိုးဆိုတာမျိုးဟာတခါနေရာချပြီးရင်ခဏခဏရွှေ့စရာမလိုတာမို့သူတို့ဘာလို့နေ့တိုင်း
ရွှေ့ နေတာလဲစဉ်းစားလို့ မရပါ။
ဂက်စ်အိုးကုန်ပြီဆိုရငိတော့အဲဒီအိုးကိုမမချဘဲဝရံတာတလျှောက်လှိမ့်ပြီး၃ထပ်လှေခါး
ပေါ်ကတွန်းချလိုက်ပါတယ်။အိုးလိမ့်ဆင်းသွားသံတဂွမ်ဂွမ်ဆူညံနေတဲ့အပြင်လှေခါးက
ကွန်ကရစ်တွေလဲပဲ့လို့ ရွဲ့ လို့ ။
ဝရံတာကဆူညံသံတွေကိုတံခါးပိတ်ပြီးလစ်လျုရှုထားနိုင်ပေမဲ့အပေါ်တည့်တည့်က
အသံတွေကတော့နေ့စဉ်နဲ့ အမျှဒုက္ခပေးပါတယ်။
အများနဲ့နေရတဲ့တိုက်ခန်းတွေမှာနေမယ်ဆိုရင်ကိုယ့်ကြောင့်သူတပါးမှာအနှောက်အယှက်
မဖြစ်အောင်နေတတ်ဖို့ ၊ကိုယ့်ကြောင့်ပတ်ဝန်းကျင်ကိုမညစ်နွမ်းစေဖို့ လိုပါတယ်။
ကလေးသဘာဝဆော့တတ်တာမှန်ပေမဲ့ကိုယ့်ကလေးကြောင့်သူများမှာကသိကအောင့်
မဖြစ်ရလေအောင်ဆုံးမပဲ့ပြင်ရပါမယ်။
ဒီလိုအသိတရားမရှိတဲ့လူတွေနဲ့ဘယ်အချိန်ထိအောင်အပေါ်ထပ်နဲ့အောက်ထပ်ဆက်
နေရအုံးမလဲမသိပါတော့ပါ။

Friday, October 2, 2009

ကံကောင်း

လွန်ခဲ့တဲ့၁၅နှစ်လောက်ကဖြစ်ပါတယ်။
ညတစ်ညမှာလေကြီးမိုးကြီးကျပြီးမနက်ရောက်တော့ကျွန်မတို့ခြံအုန်းပင်ရင်းမှာ
ကျီးကန်းပေါက်လေးတစ်ကောင်ရေစိုရွှဲပြီးအသိုက်ထဲကပြုတ်ကျနေပါတယ်။
ကျွန်မဖေဖေခြံထဲဆင်းရင်းတွေ့ လို့ အိမ်ထဲခေါ်လာပြီးရေသုတ်ပေးပြီးကြည့်လိုက်
တော့တောင်ပံနဲ့ ခြေထောက်မှာဒဏ်ရာရထားပါတယ်။
ဖေဖေကသူ့ ကိုစတိုခန်းထဲမှာထားပြီးအစာကျွေး၊ဆေးထည့်ပေးပါတယ်။
သေကံမရောက်သက်မပျောက်သူလေးမို့ ကံကောင်းလို့ နာမည်ပေးထားပါတယ်။
၂ပတ်လောက်ကြာတော့သူ့ ရဲ့ဒဏ်ရာတွေလည်းပျောက်ကင်းပြီးပြန်ကျန်းမာ
လာပါတယ်။ဖေဖေကခြံထဲခေါ်သွားပြီးမြေပေါ်ချပေးလိုက်ပါတယ်။
ပထမတစ်ရက်နှစ်ရက်တော့အမြင့်ကြီးမပျံနိုင်ပါဘူး။အုတ်ရေကန်လေးဘောင်
ပေါ်ပျံလိုက်ဖေဖေ့နားပြန်လာလိုက်လုပ်နေပါတယ်။ဖေဖေလည်းခွေးဆွဲသွားမှာ
စိုးလို့ အိမ်ထဲပြန်ခေါ်လာပါတယ်။၃၊၄ရက်လောက်အပြင်ထုတ်ပေးပြီးပျံခိုင်းလိုက်တော့
သူနေတဲ့အုန်းပင်ပေါ်ကိုပျံနိုင်လာပါတယ်။သူ့ မျိုးတူအပေါင်းအဖေါ်တွေနဲ့ နေရအောင်
ဖေဖေကလွှတ်ပေးလိုက်ပေမဲ့တခြားကျီးတွေကသူ့ ကိုလက်မခံပဲထိုးဆိတ်လွှတ်တာ
ကြောင့်သူ့ ခင်မျာအုန်းပင်ပေါ်မှာတစ်ကောင်ထည်းနေရရှာပါတယ်။
ဖေဖေကဒီကောင်လေးရှာစားတတ်အုန်းမှာမဟုတ်ဘူးဆိုပြီးသံယောဇဉ်ကြီးစွာ
ထမင်းဟင်းတွေကိုအုတ်ရေကန်ဘောင်လေးပေါ်နေ့ တိုင်းသွားတင်ပြီးအစာကျွေး
ပါတယ်။ကံကောင်းကအုန်းပင်ပေါ်ကနေပြီးဖေဖေခြံထဲထွက်လာတာနဲ့ ဖေဖေ့
ပခုန်းပေါ်လာနားပါတယ်။ဖေဖေခြံထဲမှာပန်းပင်ရေလောင်းနေရင်ဖြစ်ဖြစ်၊ခြံထဲ
ကပက်လက်ကုလားထိုင်မှာထိုင်ရင်းစာဖတ်နေရင်ဖြစ်ဖြစ်ဖေဖေ့ပုခုန်းပေါ်မှာဘဲနေပါတယ်။
ဖေဖေခြံထဲဆင်းလို့ တခါတလေသူမရောက်လာရင်ဖေဖေကကံကောင်းရေလို့ 
ခေါ်လိုက်ရင်သူ့ နာမည်ကိုသိနေသလိုချက်ချင်းရောက်လာပါတယ်။
ဖေဖေ့နားရွက်နဲ့ လည်ပင်းကိုသူ့ နှုတ်သီးနဲ့ မနာကျင်အောင်ဆိတ်ပြီး်ကစားတတ်
ပါသေးတယ်။
ဖေဖေကလွဲပြီးကျန်တဲ့သူတွေကိုတော့သူခင်ပုံမရပါ။ကျွန်မတို့ သူ့ ကိုကိုင်ရင်ခံပေမဲ့
ခဏနေရင်နှုတ်သီးနဲ့ နာအောင်ဆိတ်ပါတယ်။
ဒီလိုနေရင်းတစ်လကျော်နှစ်လလောက်အကြာမှာတော့ကံကောင်းလေးတော်တော်
အရွယ်ရောက်ပြီးအမွှေးအတောင်စုံလာပါပြီ။တစ်နေ့ မှာဖေဖေခြံထဲဆင်းချိန်ကံကောင်း
ရောက်မလာပါဘူး။သူ့ နာမည်ခါတိုင်းလိုခေါ်တော့လဲမလာပါဘူး။
အုန်းပင်ပေါ်မော့ကြည့်တော့လဲမတွေ့ ပါဘူး။
ဖေဖေလည်းအဲဒီနေ့တစ်နေ့လုံးအစာခွက်လေးကိုင်လိုက်၊သူ့နာမည်ခေါ်လိုက်၊
ခြံထဲထွက်ကြည့်လိုက်၊ဒီကောင်လေးကအစာလည်းရှာမစားတတ်တခြားကျီးတွေက
ဆိတ်လွှတ်နဲ့ဘယ်များရောက်နေပါလိမ့်။ဒဏ်ရာအနာတရဖြစ်ပြီးတနေရာရာမှာ
ပြုတ်ကျနေမလားဆိုပြီးသားသမီးတစ်ယောက်လိုပူပန်နေပါတယ်။အဲဒီနေ့ ကစပြီးကံကောင်းကိုမတွေ့ ရတော့ပါ။အပေါင်းအသင်းနဲ့ တွေ့ ပြီးတခြား တနေရာကိုပြောင်းသွားလား၊ထိခိုက်မိပြီးသေသွားလား၊
ကျီးကန်းမလေးနဲ့ တွေ့ ပြီးတနေရာမှာတအိုးတအိမ်ထူထောင်နေလား..မသိတော့ပါ။
တကယ်တော့ကျီးကန်းဆိုတဲ့အမျိုးဟာလူရဲ့ပါတ်ဝန်းကျင်မှာရှိနေပေမဲ့ယဉ်ပါးဖို့ ခက်ခဲ
ပါတယ်။လူတွေနဲ့ လည်းအိမ်မွေးတိရိစ္ဆာန်လိုလက်ပွန်းတနှီးနေလေ့မရှိပါဘူး။
ဖေဖေနဲ့ သာဘယ်လိုရေစက်ကြောင့်သံယောဇဉ်တွယ်မိနေသလဲမပြောတတ်ပါ။
ကံကောင်းလေးသူ့ အသိုက်အမြုံ၊သူ့ မိသားစုလေးထဲမှာရှိနေ၊ပျော်နေပါစေလို့ 
ကျွန်မတို့ ဆုတောင်းပေးကြပါစို့ နော်။